content top

Sunday, May 6, 2012

ကိုယ့်အလှည့်

တစ်ခါက ထီရောင်းတဲ့သူတစ်ယောက်ကပေါ့..။
လူတစ်ယောက်ကို ထီ သိန်း 1500 ပေါက်ကြောင်းသွားပြောသတဲ့..။ သူက တွေးမိတယ်..။
ဒီလူက အင်မတန်ဆင်းရဲတယ်..။ သူ့ကို ထီ သိန်း 1500 ပေါက်ကြောင်းပြောလိုက်ရင် သူရူးသွားနိုင်တယ်။ ဒီတော့ နည်းနည်း ချင်း ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့..။
`ညီလေး ....ညီလေး ထီ သိန်း (၅၀) ပေါက်တယ်ကွ..´
`ဟုတ်လား.. အကို ကျနော် သိန်း (၅၀) ပေါက်တယ်ဆိုတော့ အကို့ကို ငါးသိန်းပေးမယ်ဗျာ´ လို့ပြန်ပြောတယ်တဲ့..။
ဒါနဲ့ ` ညီလေး တကယ်က ညီလေး.. သိန်း (၁၀၀) ပေါက်တာကွ´ လို့ပြန်ပြောတော့
`ဟုတ်ရဲ့လား အကိုရယ်.. ဒါဆို အကို့ကို ဆယ်သိန်းပေးမယ်ဗျာ..´ လို့ ပြောတယ်တဲ့..။
ဒီလိုနဲ့ တိုးသွား လိုက်တာ.. သိန်း(1500) ပေါက်တယ်လို့လည်း ပြောရော..
`အကို ကျနော် သိန်း 1500 ပေါက်တယ်ဆိုရင် ကျနော်အတွက်လည်း အဲလောက်မလိုဘူးဗျာ.. အကိုသိန်း500 ယူလိုက်ပါ´ ပါလို့လည်း ပြောလိုက်ရော..
ထီပေါက်ကြောင်း လာပြောတဲ့ သူခမျာ ရူးသွားပါလေ..ရော..တဲ့ဗျား.။

ကဲ နောက်တစ်ခု ...
တစ်ခါက ရွာထဲမှာ အသုဘတွေ ရှိရင် အသုဘတရားလိုက်ဟောရတဲ့ ဘုန်းဘုန်းတပါးရှိတယ်တဲ့..။
ရွာထဲက သူတွေသေတဲ့အခါ သေတဲ့သူရဲ့ မိသားစုတွေကို တရားနဲ့ဖြေဖို့ လူဆိုတာ သေမျိုးကြီးဖြစ်တဲ့အကြောင်း
ကိုယ်လည်း တစ်နေ့သေရမယ့် အကြောင်း တရားချလေ့ရှိတယ်တဲ့..။
တစ်နေ့ကျတော့ ဘုန်းဘုန်းရဲ့ မိခင်ကြီးဟာ ဆုံးပါးသွားပါလေရော..
အဲဒီအခါ ဘုန်းဘုန်းခမျာ ငိုလိုက်တာ တက်မတတ် ချက်မတတ် ငိုတော့ ရွာသူရွာသားတွေက ၀ိုင်းဝန်းဖျောင်းဖျကြတယ်တဲ့..။ တရားနဲ့ဖြေပါဘုရား လို့လည်း လျှောက်ရော..
ဘုန်းဘုန်း က ပြန်ပြောလိုက်တယ်တဲ့..။
` ဟဲ့ သူများ အမေတွေ သေတာ ဖြေလို့ရတယ်. အခုသေတာ ငါ့အမေဟ.. .´ လို့ပြောလိုက်တယ်တဲ့ဗျား..။

ဒီတော့ စဉ်းစားစရာပဲဗျာ..။ လူတွေက ကိုယ့်အလှည့်မဟုတ်သေးရင်သာ လူတွေကို အကြံတွေ ပေးလိုက်ရတာ စိုးရိမ်ပေးလိုက်ရတာ.. တကယ်လည်း ကိုယ့်အလှည့်လည်း ကြုံရောဗျာ..။ ဘာမှ မတတ်နိုင်ဘူး..။
အခုသေတာ ငါ့အမေဟ.. လို့သာ ညည်းရုံသာ ရှိမည် ထင်တယ်..။စဉ်းစားကြည့်ကြပါတော့ဗျာ..။

Thursday, May 3, 2012

ဖယောင်းတိုင် တစ်တိုင်ရဲ့ မီးရောင်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်တဲ့အခါ မီးစာလေးဟာ နည်းပါးလှသော ဖယောင်းကလေးဖြင့် တည်မြဲနေသည်။ ဖယောင်း မကုန်ခင်အထိ မီးရောင်ရှိနေသေးသည်။
ဖယောင်းသားတွေ ကုန်ဆုံးကုန်ပြီဆိုပါစို့..။ ဘာဖြစ်သွားမလဲ..။

Wednesday, May 2, 2012

ငါဆိုမှ.. ငါ

အစီအစဉ် တကျမဟုတ်ဘဲ စာလုံး တစ်လုံးနှစ်လုံးလောက် ကောက်ခြစ်ကြည့်ချင်တယ်.။ စိတ်တွေကို စုစည်းပြီး ခွန်အားတွေ ဖျစ်ညစ်ပြီးတော့ပေါ့။ ဒါပေမယ့် စကားလုံးတွေ မထွက်လာပါဘူး။ ဘာလို့လဲဆိုတော့ ငါဟာ ပွင့်လင်းတဲ့ သူတစ်ယောက်မဟုတ်တော့လို့ပဲ..။ ငါ့အကြောင်းတွေ ကို မပြောချင်ဘူး။ လူတွေ သိရင် ကဲ့ရဲ့လိမ့်မယ်။ ဝေဖန်လိမ့်မယ်။ ရှုံ့ချလိမ့်မယ်။ ငါကြောက်တယ်။

ဒါဆို ဘာလို့ ဘလော့ရေးလဲ။
သူများတွေ ဘလော့တွေ မှာ စာလေးတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတာကို ကြိုက်တယ်.။ ကိုယ်တော့မလုပ်တတ်ပါဘူး။ ဒါပေမယ့် လိုက်လုပ်ကြည့်ချင်တယ်။ မရဘူးလား.။ တစ်စုံတစ်ယောက်လောက်ဖြစ်ဖြစ်လက်ခံရင် ရပြီလေ။
ငါ့စိတ်တွေ ရှုပ်ထွေးနေသလား ဆိုတာ ငါမသိတော့ ငါရေးတဲ့စာတွေကလည်း ရှင်းရှင်းလင်းလင်းရှိမှာမဟုတ်ဘူး။
ငါက ပေးဆပ်သူမဟုတ်ဘူး။ ဒါ ငါ့ကိုယ်ငါ အားပေးတာ..။

အကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး။ အကူအညီဆိုတာ ညီမှ ကူလို့ရတာ.။ ကိုယ်က အကူအညီယူတဲ့သူ ထက်စာရင် အကူအညီပေးနိုင်တဲ့သူ ဖြစ်အောင်လုပ်တဲ့။ သူငယ်ချင်းတစ်ယောက် ဆယ်တန်းတုန်းက `ရေးပေးပါ´ဆိုတာမှာ ရေးပေးထားတဲ့စာပေါ့။ သင့်ကြောင့်ပတ်ဝန်းကျင်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်သွားပါစေတဲ့။ ပတ်ဝန်းကျင်ကြောင့် သင်မပြောင်းလဲပါနဲ့ တဲ့။

ငါတော်တော်လေး စဉ်းစားတယ်။ ဘာကို စဉ်းစားတာလဲဆိုတော့..။ ငါနေ့စဉ် ဘာတွေ လုပ်နေလဲဆိုတာကိုပေါ့။ ဟုတ်တယ်..။ ငါက လူငယ်တစ်ယောက်..။ အပျော်အပါး တွေ လိုအပ်တယ်။ လိုချင်တယ်။ ငါလုပ်တယ်.။ ပျော်တယ် ။ ပါးတယ်.။ ဟေးလားဝါးလား.. အချိန်တွေ တရွေ့ရွေ့ကုန်ကုန်ပြီ။ ကုန်ပစေ..။ ငါ့အသက် အခုမှ နှစ်ဆယ်ကျော်.။ ငါ့ဘ၀က အခုမှ အစ..။ မြေကြီးပေါ်မှာ ရပ်ထားတဲ့ ငါ့ခြေထောက်ကို ငါယုံတယ်..။ သူက ငါ့ကို လှဲမသိပ်ဘူး.။ ဒါပေမယ့် ငါလှဲကျသွားမှာကို ကြောက်တယ်။ ငါ့ကို ဘယ်သူမှ ထွေးပွေ့မှာ မဟုတ်လို့လေ..။

ရည်းစား.. တဲ့။ ဟားဟား .. တော်တော်ရီရတဲ့ စကားလုံးပဲ..။ ငါချစ်တယ်လို့ မိန်းမတစ်ယောက်ကို ပြောလိုက်တာ သူက ငါ့ကို ချစ်တယ်လို့ ပြန်ပြောတော့ အဲဒါ ငါ့ရည်းစားပေါ့။ ဟုတ်တယ်လေ.. ။ ဘာဖြစ်လဲ လူငယ်ပဲ.။ ရည်းစားထားတာ ဘာဆန်းလို့လဲ..။ သူနဲ့ ချိန်းတွေ့မယ်.။ ဖက်ထားမယ်.။ နမ်းမယ်..။ ပြီးတော့ကော..။ သူနဲ့စကားတွေ တီတီတာတာတွေ ပြောမယ်..။ ဖုန်းတွေ ဆက်မယ် ။ မက်ဆေ့စ်တွေ ပို့မယ်..။ သူ့အတွက် လက်ဆောင်လေးတွေ ၀ယ်ပေးမယ်..။ သူစိတ်ဆိုးအောင်လုပ်မယ်..။ ပြန်ချော့မယ်.။ ဒါပေမယ့် သူ့ကို ငါလက်ထပ်ဖို့ အခုထိတော့မစဉ်းစားသေးဘူး.။ ငါ.. ငယ်သေးတယ်လေ..။

တစ်နေ့နေ့တော့ ငါသေရမှာ.. ။ ဒါကို ငါသိတယ်..။ ဟုတ်တယ်.. မင်းလည်းသေရမှာပဲ..။ ဒီတော့ ငါတို့ တစ်ခါတစ်လေ အတူတူ သေမယ့် အကြောင်းလေး စဉ်းစားမယ်.။ ငါသေရင် ငါ့အတွက် ဘယ်သူတွေ စိတ်မကောင်းဖြစ်မှာလဲ..။ ဘယ်သူတွေက လွမ်းဆွတ်မှာလဲ.. ။ တစ်နှစ်လောက်ပေါ့ အဲထက်တော့ မပိုနိုင်ဘူးထင်ပါတယ်။ ငါသေရင် ငါလုပ်ခဲ့တာတွေက ငါ့နောက်ကို လိုက်ခဲ့မှာလား.။ ဒါဆို ငါ ကောင်းတာတွေ ရွေးလုပ်ချင်တယ်။ ဟင်.. ကောင်းတာလုပ်တာကို ငါကြိုက်မှ ကြိုက်ရဲ့လား.။ ငါမကြိုက်တဲ့ အလုပ်တွေလည်း ပါနေမှာလား..။ မလုပ်ချင်ဘူးကွာ..။ ဖြစ်ချင်ရာဖြစ် ..။ နောင်ခါလာ နောင်ခါဈေးပဲ..။

တော်ပြီ..။ ငါဖြုန်းခဲ့တဲ့ အချိန်တွေ ငွေတွေ ပြီးတော့ ငါ့ခွန်အားတွေ .ငါ့ပျော်ရွှင်မှုတွေကို ငါမေ့ပစ်လိုက်တော့မယ်..။ ရှေ့ကို ငါတစ်ချက်ဝှေ့ကြည့်လိုက်မယ်.။ ငါ့ကို စောင့်နေသူ ဘယ်သူရှိလဲလို့..။ မှုန်ရီရီတော့ မြင်ရတယ်။ ဒါပေမယ့် သေမင်းတွေလား မသိဘူး..။ ငါဖြည်းဖြည်းလေးပဲ သွားမယ်ကွာ..။ ဟာ...စောင့်နေတာ ငါ့ချစ်သူပါလား..။ ငါဘာလို့ နှေးကွေးနေခဲ့မိတာပါလိမ့်..။ ငါကြောက်နေတာလား.. ။ ဟုတ်တယ်..။ ငါကြောက်နေတာ..။ မင်းကော.. ငါကြောက်နေတာလို့ မထင်ဘူးလား..။
ငါကြောက်နေတာက ဘာလဲ...။

content top